တနေ့က Facebook article တခု လူတယောက် share ထားတာတွေ့လိုက်တယ်။ ခေါင်းစဉ်က ‘ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတဲ့အခါ စာဖတ်ပါ’ ဆိုလား။ သေချာတော့ မသိလိုက် မဖတ်ကြည့်လိုက်မိဘူး။ အဓိကက သူ့ခေါင်းစဉ် အဓိပ္ပါယ်နဲ့ ကိုယ်နဲ့ တိုက်ဆိုင်နေတာ သတိထားမိလို့ပါ။
ဟုတ်တယ် ကျွန်တော် ဒီကာလတလျှောက်လုံး စာတွေ ဖိဖတ်နေတာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတယ်လို့ ခံစားရလို့ပဲ။ ပြောချင်တာတွေ မပြောဖြစ်တော့တဲ့အခါ၊ နေချင်တဲ့အတိုင်း မနေဖြစ်တော့တဲ့အခါ၊ ရှေ့အနာဂတ်မှာ ဘာတွေရှိလဲ မရေရာ ဝေဝါးနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတယ်ဆိုတဲ့ ခံစားချက်က မသိစိတ်မှာ နေရာယူလာတယ်။
ကိုယ်လုပ်နေတာတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်လဲ အားမပေးဖြစ်တော့ဘူး။ တခြားသူတွေ လုပ်နေတာတွေကို ကြည့်ပြီးတော့လဲ ဘာမှ ပြောမနေချင်တော့ဘူး။ တခါတခါ ကိုယ့်ကိုယ်ကိုယ် အားရစရာ အခိုက်အတံ့တွေ ရှိပေမယ့်လဲ များသောအားဖြင့်က ဇာတ်မျောတပုဒ်ပါပဲ။
အဲဒီလိုဖြစ်နေခဲ့တဲ့ ကာလတွေမှာ အဓိက အချိန်ဖြုန်းမိတာ စာအုပ်တွေနဲ့ပဲ။ လုပ်စရာမရှိမဲ့အတူ စာဖတ်တယ်။ လုပ်စရာရှိလဲ အားတဲ့အချိန် စာဖတ်တယ်။ လူတွေနဲ့ စိတ်မပါတာတွေ ထိုင်ပြောနေမယ့်အစား စာဖတ်တယ်။ သွားလေရာ စာအုပ်တအုပ် ယူသွားတယ်။ စာအုပ်တွေထဲ စိတ်ဝင်စားနေတာ ဖြစ်နိုင်သလို လက်တွေ့အရှိတရားကို ရင်ဆိုင်ရမှာကြောက်လို့ စာအုပ်တွေကြား သွားပုန်းနေတာလဲ ဖြစ်နိုင်တာပဲ။
စာအုပ်တွေဆီက အကူအညီ တခုခု ရလိုရငြား ရှာနေမိပေမယ့် ‘သစ်ကိုင်းကျိုးကျတဲ့ဆီ ပလာယာ ယူသွားတယ်’ ဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်နေမလားလို့ တွေးမိသေးတယ်။ အနည်းဆုံး ကိုယ်စာဖတ်နေတော့ သူများနားအေးတာပေါ့ဗျာ။
ဒါပေမယ့် စာအုပ်တွေဆီကနေ ကျွန်တော်အရင်က သိချင်မယ် ထင်မထားတာတွေ သိလိုက်ရတယ်။ ကိုယ့်ကိုယ်ကိုယ် တခြားရှုထောင့် အသစ်တွေကနေ ပြန်မြင်ရတယ်။ လောကကြီးကိုကြည့်တဲ့ တခြား တံခါးပေါက်တွေကိုလဲ ထပ်တွေ့ရတယ်။
အစပိုင်းမှာတော့ စာဖတ်တာက ခရီးထွက်ရတာနဲ့တူတယ်။ မရောက်ဖူးတဲ့ နေရာတွေကိုရောက်ရင်း ငေးရင်း မောရင်း။ ဘယ်ဆက်သွားရင်ကောင်းမလဲဆိုတာကို စာအုပ်တွေက တအုပ်ကနေတအုပ် လမ်းပြသွားတယ်။ အစပိုင်းတော့ ခြေဦးတည့်ရာကနေ နောက်တဖြေးဖြေးနဲ့ ရည်ရွယ်ချက် ရှိလာတယ်။
ဓါတ်ပုံမရိုက်တတ်တဲ့ သူတယောက်ကို camera တလုံး လက်ထဲပေးပြီး မြင်မြင်ရာရိုက်ခိုင်းလိုက်။ Scenery လေးရိုက်လိုက် Street လေးရိုက်လိုက်ကနေ ကိုယ်ဘာကိုတကယ် စိတ်ဝင်စားလဲ ဘာတွေလိုလဲ ဆိုတာကို သိလာသလိုမျိုးပေါ့။ စာအုပ်တွေကလဲ ဒီသဘောပါပဲ။ ဘာကစဖတ်ရမယ်လို့ တိတိကျကျမရှိဘူး။
နောက်ပြီးတော့ စာဖတ်တဲ့အလုပ်က သိပ်ကြီးကျယ်တဲ့ ကိစ္စလဲ မဟုတ်ဘူး။ လူအမျိုးမျိုးနဲ့ စကားပြောရသလိုပဲ။ ကိုယ်ကပြန်ပြောလို့ မရပေမယ့် သူတို့ပြောတဲ့အထဲက ဘာစိတ်ဝင်စားစရာတွေရှိလဲ ဘာမှတ်သားစရာတွေရှိလဲ။ ဘော်ဒါတွေနဲ့ ဘားမှာ ထိုင်စကားပြောရင်း ကိုယ့်ပြဿနာအချို့အတွက် အဖြေရသွားသလိုမျိုးပေါ့။ ဘာအဖြေမှမရလဲ တချို့ဘော်ဒါတွေ ထွေရာလေးပါးပြောတာတောင် ထိုင်နားထောင်သေးတာပဲ။
ဒါနဲ့ စာဖတ်တိုင်းရော လိမ္မာမှာတဲ့လား။ ဒါကလဲ ဖတ်တဲ့လူပေါ်မှာပဲ မူတည်ပြီး လိမ္မာတယ်ဆိုတာကရော ဘယ်လိုရှုထောင့် သတ်မှတ်ချက်မျိုးကို ခေါ်တာလဲ ဆိုတာမှာ အမျိုးမျိုး ကွဲပြားသွားမယ်လို့ထင်တယ်။ တချို့ကစာဖတ်ပြီး ကိုယ်လိုရာဆွဲတွေးတဲ့ အကျင့်ရှိမှာပဲ။ ကိုယ်မမြင်ချင်တာတွေကိုလဲ ဘယ်ဥာဏ်ကြီးရှင်က ရှင်းပြပြ ကျော်ပစ်လိုက်မှာပဲ။ တခါတလေမှာ စာဖတ်တာက ကိုယ့်အနာကိုယ် ဆေးထဲ့ရတာနဲ့ တူပြန်တယ်။ အနာမတူရင် ဆေးမတူနိုင်ဘူး။
အဲ့တာကြောင့် စာဖတ်တာက အားလုံးနဲ့ တပြေးညီတူဖို့၊ စင်းလုံးချောဖြစ်ဖို့၊ standardize လုပ်ပစ်ဖို့ ရည်ရွယ်ချက်ချည်းတော့ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ပုံသေကားချပ်တွေထဲက ရုန်းထွက်ဖို့၊ ဖောက်ထွက်ပြီး တွေးနိုင်ဖို့၊ မေးခွန်းထုတ်တတ်ဖို့ စာပိုဖတ်တယ်လို့ ထင်တာပဲ။
အဲတာကြောင့် အစက ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးတယ်ထင်လို့ စာဖတ်ရာကနေ ကိုယ့်ဖြစ်တည်မှုကိုယ် ရဲရဲဝံ့ဝံ့ ဖော်ထုတ်နိုင်လာပြီဆိုရင် စာအုပ်တွေက စကားပြောတာပဲ။ ပတ်ဝန်းကျင်ထက် ကိုယ့်အသိဉာဏ်ကိုယ် ပိုအားကိုးလာနိုင်မယ်။ သူများကို အပစ်တင်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် ပိုဆုံးမလာနိုင်မယ်။
ဒါကတော့ စာဖတ်သူတိုးပွါးရေး တိုက်တွန်းစာလဲ မဟုတ်ပါဘူး။ စာဖတ်တာနဲ့ ပတ်သတ်ပြီး ကိုယ့်အမြင်အယူအဆ ဘယ်လောက်ရှိလဲဆိုတာ ချရေးကြည့်တဲ့ သဘောပါပဲ။
ဒီလောက်ထိ ဖတ်လာမိပြီဆိုရင်တော့ ကျွန်တော့်ရဲ့ထွေရာလေးပါး စကားတွေနဲ့ ကုန်သွားတဲ့အချိန်တွေအတွက် အားနာမိပါရဲ့ လို့ပဲ ပြောချင်ပါတယ်ဗျာ။